Friday, October 22, 2010

ဂျစ်ပစီအဖိုးအိုနှင့်လူငယ်များ

ကင်းကွာခဲ့သော ဘော်ဒါများနဲ့
တွေ့ဆုံဖို့ဆင်းလာခိုက်
အ၀ါရောင်ပျော်ရွှင်မှုတွေနဲ့ ပက်ပင်းတိုးခဲ့
နားလိုက် ရွာလိုက်
မိုးစက်တွေကြား
အပေါင်းအသင်းများနဲ့
အ၀ါရောင်ပျော်ရွင်မှုတွေ မျှဝေခံစား
ပင့်ရုန်းပေါက်ချလိုက်တဲ့
မိုးစက်တွေအောက်
ဖြူစင်မြင့်မြတ်မှုတွေ
တွေ့လိုက်ရတယ်
မငြိမ်းမချမ်း
အိမ်ကထွက်လာပေမဲ့
ဘော်ဒါတို့ရဲ့
သနားကြင်နာမှုတွေ မြင်တွေ့ခွင့်ရခဲ့
အဲဒီည…..
ဝိဥာဉ်ဆန်ဆန် အဖိုးအိုတစ်ဦးကို
သူနေထိုင်ရာ မြို့စွန်းက
နတ်စင်သို့ပို့ဆောင်
အပြန်လမ်းမှာတော့
စုတ်ချက်ကြမ်းကြမ်း ဘ၀အတွက်
အရိုးပေါ် အရေတင်
စီးပွားရေး အတွေးအခေါ်များနဲ့
အရောင်းအ၀ယ် စကားတို့
အေးမှုန်ခါးခါး အလင်းမျက်နှာထဲ
စိမ့်ယိုပေါက်ကျလို့
ငါကတော့
ငေးမှိုင်တိတ်ဆိတ်
ညရဲ့အထားအသို
လှိုင်းရိုက်သံရဲ့ အခင်းအကျင်း
ဂျစ်ပစီအဖိုးအိုတစ်ဦးရဲ့
ဗလုံးဗထွေး စကားသံများ
မင်းတို့ရဲ့ သနားကြင်နာမှု
အမှောင်အသမ်းမှာ
အသိအမှတ်ပြု စဉ်းစားရင်း
ငါ့ စိတ်ကူးတွေ
ပီပီပြင်ပြင် ဖြစ်မလာခဲ့ဘူး
ငါ ချယ်မှုန်းမဲ့ စိတ်ကူး
ဒီထက်မက လှပပါတယ်
ဒီထက်မက ခန်းနားမြင့်မြတ်ပါတယ်
တလိမ့်ခေါက်ကွေး ကျလာတဲ့
လေးနက်မှုတွေ တွေးတောရတာ
ငြီးငွေ့လှပြီ……..
ဖြစ်နိုင်မယ်ဆိုရင် ပေါ့ပေါ့ပါးပါး
လူ့လောကကို ဖြတ်သန်းကြပါစို့….

No comments: