မှုန်ဝါးဝါးဇာတ်သိမ်းတဲ့
ချစ်ပုံပြင်တစ်ပုဒ်။
ဝင်သက်ထွက်သက်တွေ ရူရိုက်တတ်တဲ့
အရုဏ်ဦးနတ်သမီး။
မင်း….
စကားတစ်ခွန်းမှမပြောဘဲ
တိတ်တဆိတ်နေတဲ့ ညတွေဆို
ငါ့ နှလုံးသားကို
မိစ္ဆာ၀ိညာဉ်တွေပူးကပ်
စိတ်ညို့ခံရသူလို
သမာရိုးကျစကားလုံးတွေနဲ့
ဖွင့်ဟ၀န်ခံချက်တွေပေးခဲ့။
ပွင့်ပွင့်လင်းလင်း
မင်းပြောခဲ့တဲ့ စကားလုံးက
သူငယ်ချင်းတစ်ယောက်လို။
သူငယ်ချင်းဆိုတဲ့ တံဆိပ်တစ်ခု
တပ်ဆင်ပေးလိုက်ရုံနဲ့
ငါ့ နှလုံးသားတွေ
မျှော်လင့်ချက်မဲ့ ကျိန်စာသင့်ခဲ့။
မင်းငါ့ကို
သူငယ်ချင်းဆိုတဲ့ စကားလုံးနဲ့
နှက်သိမ့်မှုဆုတစ်ခု ဂုဏ်ပြုခဲ့
ဘာပဲဖြစ်ဖြစ်လေ
ပထမဆုကို မဆွတ်ခူးနိုင်ပေမဲ့
ငယ်သူငယ်ချင်းလို
ရယ်ရယ်မောမော ပျော်ပျော်ပါးပါး
ဖုန်းပြောခွင့်လေးနဲ့ ဖြေသိမ့်ရုံပေါ့။
ပက်ပက်စက်စက် အသည်းကွဲချင်တဲ့ငါ
အခုတော့
သူငယ်ချင်းဆိုတဲ့ တံဆိပ်တစ်ခုကြောင့်
မျှော်လင့်ချက်မဲ့ ချစ်ခြင်းတွေနဲ့
ငါ့ အခန်းငယ်ထဲ
ပုံပျက်ပန်းပျက် လှဲပြိုနေတယ်….
No comments:
Post a Comment